အင်တာဗျူးသွားဖြေမယ့် သင့်အတွက် အချက် (၅) ချက်

လုပ်ငန်းခွင်တိုင်းမှာအလုပ်ရှင်တွေကို အလုပ်သမားတွေကလေးစားသလို အလုပ်ရှင်တွေကလည်း အလုပ်သမားတွေကိုလေးစားသင့်ပါတယ်။ ဒီလိုအပြန်အလှန်လေးစားမှုရှိပါမှ တွင်ကျယ်ဖြစ်ထွန်းတဲ့ အလုပ်ခွင်ကိုဖန်တီးနိုင်မှာပါ။ အလုပ်ရှင်တွေလေးစားတဲ့ အလုပ်သမားဖြစ်အောင် လုပ်ရမဲ့တာဝန်ကတော့ မိမိဆီမှာပဲရှိနေတာပါ။
ဒီလိုလေးစားခံရတဲ့ အလုပ်သမားတစ်ယောက်ဖြစ်ဖို့ လုပ်ရမဲ့ ပထမဆုံးအချက်ကတော့
(၁) ကတိမဖျက်ပါနဲ့။
ပုံမှန်အလုပ်သမားတွေပြုလုပ်လေ့ရှိတဲ့ အပြုအမူကတော့ အင်တာဗျူးကို ချိန်းထားပြီးမသွားတာပဲ ဖြစ်ပါတယ်။ အင်တာဗျူးရက်ချိန်းထားတဲ့နေ့ကို ပြောင်းပြီးမသွားတာပဲဖြစ်ပါတယ်။ ဒီအချက်ဟာ အလုပ်ရှင် တော်တော်များများ အတွက်အခက်အခဲဖြစ်စေတဲ့ အချက်ပဲဖြစ်ပါတယ်။ အလုပ်ရှင်တွေဟာ သင်တို့ကို အင်တာဗျူးခေါ်ဖို့ အချိန်နဲ့ငွေအကုန်ခံပြီး အလုပ်ခေါ်ခဲ့ခြင်းပဲဖြစ်ပါတယ်။ အရေးတကြီးနဲ့ မဖြစ်မနေဖြစ်နေတဲ့အခြေအနေများကလွှဲရင် သင့်ရဲ့အင်တာဗျူးကို စိတ်မပါခဲ့ရင်တောင် မိမိရဲ့လုပ်ရပ် တစ်ခုကိုတာဝန်ယူတဲ့အနေနဲ့သွား ဖြေသင့်ပါတယ်။
(၂) အချိန်မှန်ပါစေ။
အချိန်မမှန်တဲ့ သင့်ကို အလုပ်ရှင်က ဘယ်လိုမှလေးစားမှာမဟုတ်ပါဘူး။ လူတစ်ဦးတစ်ယောက်နဲ့ တွေ့ဆုံပြီဆိုတဲ့အခါတိုင်း ပထမဦးဆုံးမြင်တဲ့ အထင်အမြင် (first impression) ဟာ အရေးကြီးပါတယ်။ ဒီအချိန်မှာ သင်ဟာ ၁၅ မိနစ်၊ နာရီဝက်ထက် နောက်ကျပြီးမှရောက်လာမယ်ဆိုရင် သင့်အရည်အချင်းတွေအတွက် အလုပ်ခန့်ရင်တောင် အလုပ်ရှင်ဆီကရမဲ့ လေးစားမှုတချို့ ပဲ့ပါသွားပြီပဲဖြစ်ပါတယ်။
(၃) သပ်သပ်ရပ်ဖြီးလိမ်းပြင်ဆင်ပါ။
အင်တာဗျူးသွားဖြေဖို့အဝတ်အစားနဲ့ပတ်သတ်လာရင် သင့်မှာရွေးချယ်စရာတွေ အများအပြားရှိမှာပါ။ သင်ရွေးချယ်ရမဲ့အဝတ်အစားဟာ သင်အင်တာဗျူးသွားဖြေမဲ့ ရာထူးနဲ့ကုမ္ပဏီ အပေါ်မှာ အများကြီး သက်ဆိုင်နေပါတယ်။ အင်တာဗျူး ဖြေမဲ့သင့်ရဲ့အဝတ်အစားတွေ ကပိုကယိုနဲ့မသပ်မရပ်ဖြစ်နေရင် သင့်အတွက်ရော သင့် အလုပ်ရှင်အတွက်ပါ မလိုလားအပ်တဲ့ စိတ်အနှောက်အယှက်တွေ ဖြစ်လာစေနိုင်ပါတယ်။
(၄) ညှိနှိုင်းပါ။ မတောင်းဆိုပါနှင့်။
အလုပ်ရှင်နဲ့သင်အင်တာဗျူးနေစဉ်မှာ အရေးကြီးဆုံးသတိပြုရမဲ့အချက်ကတော့ ညှိနှိုင်းဖို့ပါ။ တောင်းဆိုမှုတွေကိုပဲဆက်တိုက်လုက်နေမဲ့အစား ညှိနှိုင်းမှုတွေပြုလုပ်ပါ။ သင့်အတွက် အလုပ်လာဖို့ ကားစီစဉ်ပေးပါလို့တောင်းဆိုမဲ့အစား ရုံးကားကို စောင့်စီးရင်အဆင်ပြေမလဲဆိုတဲ့ ညှိနှိုင်းမှုမျိုးတွေ ပြုလုပ်ပါ။ အင်တာဗျူးတော်တော်များများမှာတွေ့ရတဲ့အလုပ်ရှင်တွေကို စိတ်ပျက်စေတဲ့အချက်က များပြားလွန်းတဲ့ တောင်းဆိုမှုတွေပဲဖြစ်တဲ့အတွက် ညှိနှိုင်းမှုတွေကိုသာပိုပြီးပြုလုပ်ပေးဖို့ တိုက်တွန်းပါရစေနော်။
(၅) ကျေးဇူးတင်စကားပြောပါ။
လူတော်တော်များများပြုလုပ်လေ့မရှိတဲ့ သို့မဟုတ်သတိမထားမိတဲ့အချက်ကတော့ ကျေးဇူးတင်စကား ပြောဖို့ပါ။ မိမိကိုအချိန်ပေးပြီး အင်တာဗျူးခေါ်တာကို ကျေးဇူးတင်သင့်သလို ကျေးဇူးတင်စကား ပြောလိုက်တဲ့ သင့်ရဲ့အပြုအမူကလည်း အလုပ်ရှင်ကသင့်ကိုသတိထားမိစေနိုင်တဲ့ အချက်တချက်ပဲ ဖြစ်ပါတယ်။
အလုပ်အင်တာဗျူးတိုင်းကမလွယ်ကူပါဘူး။ သင့်ရဲ့ပထမဦးဆုံးအလုပ်တစ်ခုဆိုရင် ပိုပြီးတာဝန်ကြီးမှာပါ။ ဒါပေမယ့်စိုးရိမ်စရာမရှိပါဘူး။ အလုပ်နဲ့ပတ်သတ်တာ၊ လေ့လာသင့်တာတွေလေ့လာပြီး အပေါ်မှာဖော်ပြထားတဲ့ အချက်တွေကိုလိုက်နာမယ်ဆိုရင်ပေါ့။ အဆင်ပြေကြပါစေ။